ခြေလက်တွေ အပ်နဲ့ စူးသလို ခံစားနေရပြီလား
ခြေလက်တွေ အပ်နဲ့ စူးသလို ထုံကျင်တာမျိုးကို ခံစားဖူးကြမှာပါ။ တခါတရံ လက်ပေါ် အချိန်အကြာကြီး ဖိအိပ်မိတာ၊ တသမတ်တည်း ထိုင်နေမိတာ၊ အာရုံကြောလေးတွေကို ဖိထားမိတဲ့ အခါတွေမှာ သွေးလည်ပတ်မှု မကောင်းတော့ဘဲ ခြေလက်တွေ ထုံကျဉ်လာတတ်ပါတယ်။ ထုံကျင်မှု အများစုက သူ့အလိုလို သက်သာသွားပေမယ့် တချို့ရောဂါတွေရဲ့ လက္ခဏာလဲ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
(၁) ဆီးချိုရောဂါ
ဆီးချိုကြောင့် ခြေလက်ထုံကျဥ်တာက အဖြစ်များဆုံး လက္ခဏာပဲ ဖြစ်ပါတယ်။ ဒါဟာ ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သလို အန္တရာယ်ရှိနိုင်တာကြောင့် ဆီးချိုလူနာတွေမှာ မကြာခဏဆိုသလို ခြေလက်တွေ ထုံကျဥ်တာတွေ ဖြစ်တတ်ရင် မပေါ့ဆသင့်ဘဲ လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။
(၂) ကျောက်ကပ်ရောဂါ
နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နေတဲ့ သူတွေမှာ ကျောက်ကပ်က ဇီဝကမ္မ ဖြစ်စဥ်တွေ မစွမ်းဆောင်နိုင်တော့တဲ့ အတွက် အဆိပ်အတောက်တွေ စုပုံလာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခြေထောက် နဲ့ လက်တွေမှာ ထုံကျဥ်နာ ခံစားရပြီး ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေမှာတော့ အာရုံခံစားမှု မရနိုင်တာလဲ ဖြစ်တတ်ပါတယ်။
(၃) အဆစ်အမြစ်ရောင် နဲ့ အကျိတ်
အဆစ်အမြစ်ရောင် ရောဂါတွေရဲ့ လက္ခဏာအနေနဲ့ ခြေလက် ထုံကျင်နိုင်သလို တခါတရံ အကျိတ်တွေက သွေးကြောလေးတွေ၊ ဦးနှောက်နဲ့ အာရုံကြောမကြီး အပေါ် ဖိထားမိတဲ့အခါ ထုံကျဥ်တာတွေ ဖြစ်နိုင်ပါတယ်။
(၄) ဆေးဝါးများ
တခါတရံ အဆိပ်အတောက် ရှိတဲ့ ခဲသတ္တု၊ ပြဒါး၊ အာဇင်းနစ် စတဲ့ ပစ္စည်းတွေနဲ့ ထိမိတဲ့အခါ အာရုံခံစားမှုတွေ မလုပ်နိုင်တော့တဲ့ အတွက် ခြေလက်ထုံကျဥ်တာကို ခံစားရနိုင်သလို အချို့သော ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ ကြောင့်လဲ ခြေလက်ထုံကျဥ်တာကို ခံစားရပါတယ်။
(၅) ဗီတာမင်ချို့တဲ့တာ
အထူးသဖြင့် ဗီတာမင် B 1,6,12 နဲ့ ဗီတာမင် E ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မရရှိတဲ့အခါမှာလဲ ခြေလက်တွေ ထုံကျဥ်နိုင်ပါတယ်။ အရက်အလွန်အကျွံ သောက်တဲ့သူတွေမှာ အရက်က ဗီတာမင် B12 နဲ့ Folate acid တွေကို ခန္ဓာကိုယ်ကနေ စုပ်ယူနိုင်စွမ်း လျော့နည်းစေတဲ့ အပြင် အာရုံကြောလေးတွေကိုလဲ ထိခိုက် ပျက်စီးစေနိုင်တာကြောင့် ခြေလက်ထုံကျဥ်တာတွေ ဖြစ်တတ်ပါတယ်။
(၆) ကိုယ်ဝန်ဆောင်မိခင်
ကိုယ်ဝန်ဆောင် မိခင်တွေမှာလဲ ကိုယ်ဝန်ဆိပ်တတ်တာနဲ့ ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်ပြောင်းလဲမှုတွေကြောင့် ခြေလက်ထုံကျဥ်တာတွေ ဖြစ်လေ့ရှိပါတယ်။
ဒီလိုမျိုး ခြေလက် ထုံကျဥ်တာတွေ မဖြစ်ရဖို့ ဘာတွေ လုပ်ပေးသင့်လဲ?
- လေ့ကျင့်ခန်း လှုပ်ရှားမှု ပုံမှန် လုပ်ပေးပါ။
- အာဟာရ ရှိတဲ့ အစားအစာတွေ စားပေးပါ။ အထူးသဖြင့် ဗီတာမင် ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးသင့်ပါတယ်။
- အရက်နဲ့ ဆေးလိပ် အလွန်အကျွံ သောက်တာကို ရှောင်ပါ။
- ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းပေးပါ။
- ဆီးချို၊ သွေးတိုးစတဲ့ နာတာရှည် ရောဂါတွေကို ဂရုတစိုက် ထိန်းချုပ်ပေးပါ။
ခြေလက်ထုံကျဥ်တာက အမြဲတမ်းအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုတော့ မဟုတ်ပေမယ့် ခြေလက်တွေ အပ်နဲ့ စူးသလို ခံစားမှုမျိုးကို အချိန်အတော်ကြာ နာကျင်ခံစားရမယ်၊ မကြာခဏ ဆိုသလို ဖြစ်နေမယ် ဆိုရင်တော့ မပေါ့ဆသင့်ဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကုသမှု ခံယူဖို့ လိုအပ်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)